ကော့သောင်း ဇွန် ၂၇
၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ခရိုင်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကို ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ဖြစ်ပေါ်လာပုံ၊ အအေးပေးပစ္စည်းများအသုံးပြုပုံ၊ ကမ္ဘာပေါ်တွင် အသုံးပြုနေသော အအေးပေးနည်းပညာ (၄)မျိုးအကြောင်း၊ အသုံးများသော အအေးပေးဒြပ်ပစ္စည်းများနှင့် ၎င်းတို့၏ အိုဇုန်းလွှာပျက်စီးမှုအလားအလာနှင့် ကမ္ဘာ့ပူနွေးမှုအလားအလာများနှင့် ကန့်သတ်မှုများ၊ အအေးပေးဒြပ်ပစ္စည်းများ အဆင့်ဆင့် ပြောင်းလဲသုံးစွဲမှု၊ အအေးပေးဒြပ်ပစ္စည်းများ၏ အကျိုးသက်ရောက်မှုများနှင့် အကျိုးသက်ရောက်မှုများမှ ဆိုးကျိုးများအား လျှော့ချနိုင်ရန် ကမ္ဘာတစ်ဝှမ်းလုပ်ဆောင်မှုများ၊ အအေးပေးပစ္စည်းများ သုံးစွဲရာတွင် လိုက်နာသင့်သောအရာများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ယင်းနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ အမှိုက်စို/အမှိုက်ခြောက်/ပလတ်စတစ်အမှိုက်/ဘေးအန္တရာယ်ရှိ အမှိုက်တို့အား စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် စနစ်တကျသိမ်းဆည်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများဖြင့် သရုပ်ပြခြင်း၊ အသိပညာပေးဟောပြောခဲ့သည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်မေးမြန်းဖြေကြားစေခြင်းတို့ ပြုလုပ်ခဲ့ပြီး ဖြေကြားနိုင်သော ကျောင်းသား/သူများနှင့် သရုပ်ပြအစီအစဉ်တွင်ပါဝင်သော ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)