မကွေး ဇွန် ၂၇
သာသနာတော်နှစ်(၂၅၆၈)နှစ် ကောဇာသက္ကရာဇ် (၁၃၈၆)ခုနှစ် ခရစ်နှစ်(၂ဝ၂၄) ခုနှစ် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ တန်ခိုးကြီး သမိုင်းဝင်မြသလွန်စေတီတော်မြတ်ကြီး၏ စေတီတော်ဦး ငှက်ပျောဖူးတော်၊ ကြာနုကြာဖတ်တို့ကို (၉”x၉”)ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီခွဲအချိန်က မကွေးမြို့ မြသလွန်စေတီတော်ရင်ပြင် မဟာဝိဇယရံသီတန်ဆောင်းတော်၌ ကျင်းပရာ မြသလွန်စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီး (၉)ပါး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ မြသလွန်စေတီတော် ဩဝါဒါစရိယ သံဃာရာမကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ စိန္တာသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကာ မြသလွန်စေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ ပရိတ်တရားတော် နာယူခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက (၉”x၉”)ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်စား သံဃာရာမကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ စိန္တာသာရထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြသလွန်စေတီတော်မြတ်ကြီး စေတီရံ (၁၂)ဆူနှင့် အစိတ်အပိုင်းအလိုက် မျက်ပါးရွှေသင်္ကန်းဘိုး လှူဒါန်းသည့် အလှူရှင်များမှ မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံ အလှူတော်ငွေများ ပေးအပ်လှူဒါန်းကာ မြသလွန်စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီး (၉)ပါးအား နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မကွေးမြို့ သံဃာရာမကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ စိန္တာသာရထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး (၉”x၉”) ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်အလှူရှင်များမှ မြသလွန်စေတီတော်ဦး ငှက်ပျောဖူးတော်တွင် (၉”x၉”)ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များကို သာဟတ္ထိက ဒါနမြောက် တက်ရောက်ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ