ယင်းမာပင်မြို့တွင် စာဖတ်ဝိုင်း ဆောင်ရွက်

ယင်းမာပင် ဇွန် ၂၇

ယင်းမာပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်း၍ ဆဋ္ဌဂံစာအုပ်မှ စာရေးဆရာ သိုက်စိုးထွန်း(နတ်ရွာ)၏ အရေးကြီးတာအရင်လုပ်ပါ  ဆောင်းပါဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ယင်းမာပင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က အမှာစကားပြောကြားရာတွင် စာဖတ်ဝိုင်းများကို တစ်လတစ်ကြိမ်ကျင်းပပြုလုပ်ခြင်းကြောင့် စာဖတ်စွမ်းရည်တိုးတက်မှုများရှိလာကြောင်း၊ စာကြည့်တိုက်သို့သွား၍ စာဖတ်သည့်အလေ့အကျင့်ကို ပျိုးထောင်ရမှာဖြစ်ကြောင်း၊ လူငယ်များစာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စာအုပ်စာပေများကို များများဖတ်ပါ၊ မှတ်ပါ၊ ပြီးလျှင် အပြန်အလှန်ဆွေးနွေး ကြရမှာဖြစ်ကြောင်း၊ စာပေအသိပညာမရှိခြင်းနှင့် အားနည်းခြင်းတို့ကြောင့် နေ့စဉ်လူနေမှုဘဝ၌ အခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင်နေရကြောင်း၊ ပြည်သူများလူနေမှုပုံစံပြောင်းလဲ တိုးတက်လာစေရေးနှင့် အနာဂတ်တွင်အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းမှ ဦးကျော်ဇင်နိုင်၊ ဒေါ်သက်ထားအောင်၊ ဦးမျိုးမင်းဦး၊ ဦးသန့်ဇင်အောင်တို့က ဆွေးနွေးရာတွင် အလုပ်ကိုစနစ်တကျလုပ်တတ်ရမယ်၊ လူတစ်ဦးသည် နံနက်အိပ်ရာထစဉ်ကတည်းက တစ်နေ့တာလုပ်ကိုင်မည့်အလုပ်များကို စနစ်တကျစီမံခန့်ခွဲလုပ်ကိုင်မှသာ အလုပ်များကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အချို့သောသူများက ဝိရိယရှိတယ်၊ အချို့က ဝိရိယမရှိဘူး၊ ဝိရိယဆိုတာ လိုရင်လဲမကောင်းသလို ပိုရင်လည်းမကောင်းဘူးဆိုသည်များကို ဥပမာများဖြင့်ဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်