ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် ဆန်စက်၊ ဆန်ကုန်သည်၊ ဆီကုန်သည်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဖျာပုံဇွန်၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် အဖွဲ့ဝင်များသည် ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်‌ရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်‌ပေါ်စေရေး ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး)မြို့နယ်များရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ​ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက ကုန်ဈေးနှုန်းများသင့်တင့်မျှတ‌သော ဈေးနှုန်းဖြစ်စေရေးအတွက် အဖွင့်ဆွေးနွေးပြောကြားပြီး MRF-မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းဒေသ(၅) ကော်မတီဥက္ကဋ္ဌ ဦးသောင်းဝင်းက ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးစားသုံးသူ‌ရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦး‌ဇေယျာဆွေက ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်‌ရေး၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုမဖြစ်‌ပေါ်စေရေး ဆောင်ရွက်နေမှုအခြေအနေများအား ကဏ္ဍတစ်ခုချင်းအလိုက် အသေးစိတ်ရှင်းလင်းတင်ပြပြီး ဖျာပုံခရိုင် (၄)မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖျာပုံခရိုင် (၄)မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်