အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး

အင်းတော် ဇွန် ၂၇

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အင်းတော်မြို့ အင်းမြသာယာအားကစားကွင်း အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

မိမိတို့ မြို့နယ်အနေဖြင့် ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နေ့တွင် မြို့နယ်အတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကို သိရှိနားလည်ပြီး ရှောင်ရှားနိုင်ကြစေရေး၊ မူးယစ်ဆေးဝါး၏ သားကောင်များအဖြစ်မှ ကင်းဝေးစေနိုင်ရေး နိုင်ငံတော်မှ အားကိုးအားထားပြုနိုင်မည့် သားကောင်းရတနာ၊ လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယခုလို ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား အများပြည်သူများ ရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးပြသခြင်းဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲဗလလှတင့်က ပြောပြခဲ့သည်။

အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပေးပို့သော ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ သဝဏ်လွှာအား အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်က ဖတ်ကြားခဲ့သည်။ ထို့နောက် မီးရှို့ဖျက်ဆီးမည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အခမ်းအနားသို့  တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။ ၎င်းနောက် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ယင်းအခမ်းအနားသို့ မြို့နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အခမ်းအနားတွင် အင်းတော်မြို့နယ်အတွင်း ဖမ်းဆီးရမိသော  စိတ်ကြွဆေးပြား ၆၀၅၄၃ ပြား( ကာလတန်ဖိုး ၁၂၁၀၈၆၀၀၀ ကျပ် )၊ ဘိန်းဖြူမှုန့် ၀.၉၄၆၃ ကီလို (ကာလတန်ဖိုးကျပ် ၃၇၈၅၂၀၀၀ ကျပ်)ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကျော်သီဟ