မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးရေးအဖွဲ့များ ရှောင်တခင်စစ်ဆေး

မုံရွာ ဇွန် ၂၇

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တာဝန်ရှိသူများပါဝင်သော စစ်ဆေးရေးအဖွဲ့က ယမန်နေ့မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မုံရွာမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း၊ အခြင်အတွယ်ပြည့်မီမှန်ကန်မှု သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း၊ အများပြည်သူသို့ အဆင်ပြေစွာရောင်းချခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု ရှိ၊ မရှိနှင့် ပုံး၊ ခွက်များဖြင့် တစ်ဆင့်ရောင်းချမှု မရှိစေရေးတို့အတွက် တာဝန်ရှိသူများမှ ရှောင်တခင်စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

မုံရွာမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိကို အခါအားလျော်စွာ ရှောင်တခင်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)