ဝေါမြို့နယ်၌ (၃၉)ကြိမ်မြောက် မြို့နယ်အဆင့် ဗုဒ္ဓဘာသာယဥ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ဝေါ ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ (၃၉)ကြိမ်မြောက် မြို့နယ်အဆင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း(ဝေါ)၊ သီရိဇေယျာခန်းမတွင် ကျင်းပကြောင်း သိရသည်။

ဦးစွာ နမောတဿ (၃) ကြိမ် ရွက်ဆို၍ အခမ်းအနား ဖွင့်လှစ်​ပေးပြီး၊ မြို့နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်(သုဓမ္မာ)ဘဒ္ဒန္တသောဘနက အဖွင့်ဩဝါဒကထာ မိန့်ကြားကာ မြို့နယ်ဗုဒ္ဓဘာသာယဥ်ကျေးမှုကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တ သုဇာတက (၃၉) ကြိမ်​မြောက် ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်း ဖွင့်လှစ်ခြင်း၊ စာမေးပွဲများ ကျင်းပစစ်ဆေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားပေးသည်။ ယင်းနောက် မြို့နယ်ဗုဒ္ဓဘာသာယဥ်ကျေးမှုကြီးကြပ်ရေးကော်မတီ  တွဲဘက်အတွင်းရေးမှူး ဆရာဦးတင်သိန်းက မြို့နယ်အဆင့် ဗုဒ္ဓဘာသာ ယဥ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း လျှောက်ထားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဗုဒ္ဓဘာသာယဥ်ကျေးမှုကြီးကြပ်ရေးကော်မတီဝင်များက (၃၉) ကြိမ်မြောက် မြို့နယ်အဆင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲတွင် ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးအား ဆုများချီးမြှင့်ပေးကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)