ဖျာပုံ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ် (၈)ရပ်ကွက်ရှိ အ.ထ.က (၃)ကျောင်း၊ ကျောင်းမုဒ်ဦးသစ်အား အလှူရှင် (ဦးကျော်ဇောလင်း) ဇနီးသီဟသုဓမ္မသိင်္ဂီဒေါ် အေးအေးသက်မိသားစုမှ ငွေကျပ် သိန်း (၁၁၀) ကျော် အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းခဲ့သော အ.ထ.က (၃)ကျောင်း၊ ကျောင်းမုခ်ဦးသစ်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါကျောင်မုခ်ဦးရှေ့တွင် ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
အဆိုပါ အ.ထ.က (၃) ကျောင်း၊ ကျောင်းမုခ်ဦးသစ်အား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးမြင့်၊ အ.ထ.က(၃)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီလွင်၊ အ.ထ.က (၃)ကျောင်း၊ ကျောင်းအကျိုးတော်ဆောင် ဦးဇော်လတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အလှူရှင်ကဗ္ဗည်းဆိုင်းဘုတ်အား သက်ဆိုင်ရာတာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ ထို့နောက် အ.ထ.က (၃) ကျောင်း မြမဉ္ဇူခန်းမတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး ကျောင်းမုခ်ဦးအလှူရှင်အား ပညာရေးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ဆက်လက်၍ အ.ထ.က(၃)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အ.ထ.က(၃)ကျောင်း၊ ကျောင်းသား၊ ကျောင်းသူကလေးများက "အလှကမ္ဘာမြေ" နှင့် "ထာဝရသစ္စာ" စသောတေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ပြန်/ဆက်)