ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့ မြို့တော်ခန်းမတွင် ယမန်နေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ရဲတပ်ဖွဲ့ဝင်များမှ မူးယစ်ကင်းစင်မြန်ပြည်တစ်ခွင်သီချင်းဖြင့် ဖျော်ဖြေကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားများကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ကျပလျက်ရှိရာ မြန်မာနိုင်ငံ၌ (၃၇)ကြိမ်တိုင်ရှိခဲ့ပြီးဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့ကို ဖွဲ့စည်း၍ တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဘက်စုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု အခြေအနေများနှင့် ဥပဒေနှင့်အညီ အရေးယူထားရှိမှုအခြေအနေများအကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ဆက်လက်၍ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျုတာပန်းချီ၊ စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော တပ်ဖွဲ့ဝင်များအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုအား ပြသခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ကျော်ဟိန်း (ပြန်/ဆက်)