စေတုတ္တရာ ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း နှင်းဆီခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ စေတုတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြား၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးကိုကိုဇင်မှ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဝင်းကိုကိုက မူးယစ်ဆေးဝါး သမိုင်းနှင့် ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ရန် နည်းလမ်းများနှင့် ဆိုးကျိုးများ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား မီးရိူ့ဖျက်ဆီးမှု အစရှိသည်တို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း (စေတုတ္တရာ)မှ Grade10 ကျောင်းသားမောင်ကောင်းခန့်ဗိုလ်က လူထုတွင် ဖြစ်ပွားနေသော မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် လူငယ်များ လမ်းမှန်ရောက်ရှိရေး တိုက်တွန်းပြောကြားပြီးနောက် မြို့နယ်အဆင့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ်တွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများက အသီးသီး ဆုချီးမြှင့်ကြောင်း သိရသည်။
ထို့နောက် ဟောပြောပွဲပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် (၂၇)ကြိမ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆုရပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာများအား ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ၊ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။
ဝင်းအိမွန်(ပြန်/ဆက်)