(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၇

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၃၇)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ယနေ့တစ်ကမ္ဘာလုံး၌ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုစသည့် မူးယစ်ဆေးဝါးပြဿနာများကြောင့် နိုင်ငံအသီးသီး၌ ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို များစွာထိခိုက်ပျက်စီးစေလျက်ရှိကာ နိုင်ငံတိုင်းမူးယစ်ဆေးဝါးပြဿနာကို ထိရောက်စွာထိန်းချုပ်နိုင်စွမ်းမရှိသေးသည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်မြှင့် ဟန်ချက်ညီညီဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့အထိ အမှုပေါင်း(၃၁၈)မှု၊ တရားခံ ကျား/(၅၂၆)ဦး၊ စိတ်ကြွရူးသွပ်ဆေးပြား(.၈၉)သန်းကျော်၊ ဆေးခြောက်(၈၆.၉၄)ကီလို၊ ဘိန်းဖြူ(၁၇.)ဂရမ်၊ ဘိန်းဆီခဲ(.)ကီလို၊ ကတ်တမင်း(၂၁.၄၀၅)ကီလို၊ ကတ်တမင်းထိုးဆေးရည်(၁၆)လီတာ၊ အိုက်စ်(၁၀၅)ကီလို၊ အက်တက်ဆီ()ပြား၊ စိတ်ပြောင်းဆေး Happy Water (.၁၈၇)ကီလို စုစုပေါင်း ငွေကျပ်(၁၉.)ဘီလီယံခန့် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာအား ဘုံရန်သူအဖြစ် တိုက်ဖျက်ခြေမှုန်းကြစေလိုကြောင်းနှင့် မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး အားလုံးက တက်ညီလက်ညီအရှိန်အဟုန်မြှင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။  ၎င်းနောက် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်တားဆီးကာကွယ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဗဟိုဆင့် အလွတ်တန်း ကွန်ပျူတာပိုစတာနှင့် အလွတ်တန်းကဗျာပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုလက်မှတ် နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ ဝန်ကြီးချုပ်၏ ဇနီး ဒေါ်စိုးစိုးသက်က ဗဟိုအဆင့် အလွတ်တန်းနှင့် အထက်တန်း ဆောင်းပါး၊ ဆောင်ပုဒ်၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ဆုရရှိသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ဆုရရှိသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊  အကဲဖြတ်ဒိုင်များအတွက် ဂုဏ်ပြုလက်ဆောင်များအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ဆုရပုဂ္ဂိုလ်များ၊ ကျောင်းသား/သူများ၊ အကဲဖြတ်ဒိုင်များနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)