ဒေးဒရဲ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများတိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ဇွန်လ ၂၅ ရက်နေ့ ညနေ (၃)နာရီက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာဦးတင်ဦး(ကျုရှင်)ရေးသားသည့် နှလုံးသားနှင့်ကြည့်ပါစာအုပ်ပါ ယုံကြည်ချက်နဲ့အသက်ရှင်ပါဆောင်းပါးနှင့် အသက်ကြီးလာသောအခါဆောင်းပါးကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများကဆွေးနွေးကြရာတွင် ပြင်းပြသောယုံကြည်မှုရှိပြီး စိတ်ကူးတစ်ခုကိုတည်ဆောက်မိပြီဆိုရင် အကောင်အထည်ဖော်ဖို့ ကြိုးစားရမှာဖြစ်ပါကြောင်း၊ ယဥ်ကျေးသိမ်မွေ့ပြီး ချေငံပြေပြစ်တဲ့ မလျော့သောဇွဲက အောင်မြင်ကြောင်းသော့ချက်ဖြစ်ပါကြောင်းနှင့် လူကြီးမိဘများဆုံးမတာကို အသိဉာဏ်နည်းပြီး ငယ်ရွယ်တဲ့အချိန်မှာ ကိုယ့်အကျိုးကိုလိုလားလို့ပြောတယ်ဆိုတာကို နားလည်နိုင်မှာမဟုတ်ပါကြောင်း အသက်အရွယ်မကြီးခင်မှာ အသက်အရွယ်ကြီးရင့်သူတွေရဲ့ဆုံးမစကားတွေ၊ သြဝါဒတွေ၊ အကြံဉာဏ်ပေးတာတွေကို လေးလေးနက်နက်ခံယူလိုက်နာကြပါလို့ တိုက်တွန်းလိုပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းမျာ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Showများ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာရုံးများသို့သွားရောက်၍ စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း