ကန်ကြီးထောင့် ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၁) ရပ်ကွက်ရှိ မြို့မစျေး၌ အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဈေးကော်မတီဝင်များက မြို့မစျေးအတွင်း ဈေးရောင်းချကြသော စျေးသူ/သားများအား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတတ်ပုံနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်း များအား အသိပညာပေးပြောကြားခဲ့ပြီး မြို့မစျေးအတွင်း/အပြင်ရှိ ရေလဲလှယ်ရခက်ခဲသော ရေတွင်း၊ ရေကန်များနှင့် ရေပုံးများအား အဘိတ်(Abate) ဆေးခတ်ခြင်းနှင့် ပိုးလောက်လမ်းများ ပေါက်ဖွားနေသောရေပုံးများ၊ ရေကန်များနှင့် တာယာကွင်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)