ဂန့်ဂေါမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ဂန့်ဂေါ ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) ပုံညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) မှ ကျောင်းအုပ်ဆရာကြီး ဦးရာထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊  မူးယစ်ဆေးစွဲသူများ၏ လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ရောဂါများ၊ ဆိုးကျိုးအန္တရာယ်များနှင့် မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ရှောင်ကြဉ်ရမည့်အချက်များကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးနေမျိုးသူရက မူးယစ်အစဆေးလိပ်က ဆောင်ပုဒ်နှင့်အညီ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအန္တရာယ်များကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။    

မောင်မျိုးမင်း(ပြန်/ဆက်)