ကလေး ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကလေးမြို့၊ ခရိုင်အားကစားကွင်းတွင် ကျင်းပသည့် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားသို့ ယမန်နေ့နံနက်ပိုင်းက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့်သဝဏ်လွှာအား ကလေးခရိုင်ရဲမှူးကြီး ဒုတိယရဲမှူးကြီး ကြည်ဝင်းက ဖတ်ကြားခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဆုများအသီးအသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများသည် ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးဓာတ်ပုံများ၊ ဆေးဝါးများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများရေးဆွဲထားသည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာများ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ဖမ်းဆီးရမိသော ဆေးဝါးများကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖမ်းဆီးရမိသော ဘိန်းဖြူ (၆၄.၃၀၁၁၃) ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် (၁၄) သိန်းကျော်၊ ကဖင်း (၃၂၀၀)ကီလို၊ အိုက်စ်(၂၄)ကီလိုရှိသော ဆေးဝါးများကို စက်ခလုပ်နှိပ်၍ မီးရှို့ဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)