ဘားအံ ဇွန် ၂၇
ကရင်ပြည်နယ်အတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိလာသော မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ တားဆီးနှိမ်နှင်းလျက်ရှိရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ထိ (၆)လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၈၂)မှုမှ တရားခံ (၁၀၇)ဦးကို ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှ သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မူးယစ်ဆေးဝါးကင်းစင်သည့် Drug Free State ဖြစ်ပေါ်လာစေရေးအတွက် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျန်းမာရေးနှင့် တရားရေးအပိုင်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်ဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းသူကျော်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဗဟိုအဆင့်ဆုရရှိသူနှင့် ပြည်နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ပြသခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဂုဏ်ပြုဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ခင်းကျင်းပြသထားသော ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ခပိုစတာပြိုင်ပွဲ ဆုရလက်ရာများ၊ မူးယစ်ဆေးဝါးအသိပညာပေးပြခန်း၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပိုစတာများ၊ မှုခင်းပညာပေးပြခန်းနှင့် ပညာပေးယာဉ်တို့အား ကြည့်ရှု့အားပေးခဲ့ကြသည်။
အလားတူ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို မြဝတီမြို့နယ်၊ အေးသုခကျေးရွာရှိ စက်ပစ်ကွင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သော သဝဏ်လွှာကို မြဝတီခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားခဲ့သည်။
ထို့နောက် မြဝတီခရိုင်အတွင်းဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား ကြည့်ရှုစစ်ဆေးပြီး စုစုပေါင်းကာလတန်ဖိုး ငွေကျပ်သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ထို့အတူ ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် အောက်ခြေဝန်ထမ်းများ၏ စားဝတ်နေရေးကိစ္စရပ်များအဆင်ပြေစေရန် ကူညီဖြေရှင်းပေးကြစေလိုပြီး လိုအပ်ချက်များ၊ အခက်အခဲရှိပါက တင်ပြဆွေးနွေးပေးကြစေလိုကြောင်း၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များအားလုံး မိုးဦးကာလ စိုက်ပျိုးရေးရာသီတွင် တောင်သူများအားလုံး စိုက်ပျိုးလုပ်ကိုင်ကြရန် စည်းရုံးလှုံ့ဆော်ပေးကြစေလိုပြီး မိုးစပါးလျာထားချက်ပြည့်မီကျော်လွန်ကာ တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခြေအနေများကို ရှင်းလင်းပြောကြားကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက တင်ပြဆွေးနွေးချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ခရိုင်၊ ပြန်/ဆက်)