ညောင်တုန်း ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက နတ်ပေးကျေးရွာအုပ်စုရှိ နတ်ပေးရေကင်းစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထိုက်နှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးခိုင်က မိုးရာသီ မြစ်ရေမြင့်တက်ချိန်တွင် တာအိခြင်း၊ ထူးပေါက်ခြင်း၊ သဲဗွက်ထခြင်းတို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ စိုးရိမ်ရေအမှတ်အထက် ဆက်လက်မြင့်တက်လာပြီး တာတမံကိုယ်ထည်ပေါ် ရေကျော်၍ တာတမံကျိုးပေါက်မှု အခြေအနေများဖြစ်ပွားမှု မရှိစေရေးအတွက် ရေဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြိုနယ်(ပြန်/ဆက်)