မကွေးမြို့တွင် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မကွေး ဇွန် ၂၇

(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီး တရာလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်ကက ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် ဇွန်လ (၂၆) ရက်နေ့ကို သတ်မှတ်ပြီး မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးနည်းတူ နှစ်စဉ်ကျင်းပခဲ့တာ (၃၇) ကြိမ်ရှိပြီဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာဟာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအနေနဲ့သာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာ မျိုးမဟုတ်ဘဲ နိုင်ငံတိုင်း လူမျိုးတိုင်း လူသားမျိုးနွယ်တစ်ရပ်လုံးနဲ့ အကျုံးဝင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာ ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၏ အန္တရာယ်ကို ကာကွယ်တိုက်ဖျက်နိုင်ဖို့အတွက် ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်ထုအတွင်း အသိပညာပေး လှုံ့ဆော်ခြင်းလုပ်ငန်းနဲ့ ပညာပေး စည်းရုံးခြင်း လုပ်ငန်းတွေကို အလေးအနက်ထား ဆောင်ရွက် လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ အနေဖြင့် မူးယစ်တားဆီးကာကွယ် ရေးဗဟိုအဖွဲ့၏ လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်လျက်ရှိပြီး၊ ၂၀၂၃-၂၀၂၄ ခုနှစ် ဘိန်းစိုက်ရာသီတွင် ငဖဲမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့် နေရာများတွင် လျှို့ဝှက်စိုက်ပျိုးထားသည့် ဘိန်းခင်း (၃၆.၅) ဧကကို တပ်မတော်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများပါဝင်တဲ့ ပူးပေါင်းအဖွဲ့နှင့် ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အစားထိုးစိုက်ပျိုးရေးနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် အစားထိုးသီးနှံ စိုက်ပျိုးရေးစခန်း များကို မြို့နယ် (၇) မြို့နယ်မှာ စုစုပေါင်း စိုက်ပျိုးရေး ပညာပေးစခန်း (၁၀) ခု ဖွင့်လှစ်ထားပြီး အစားထိုးသီးနှံများ ဖြစ်သည့် ဝဥ၊ လျော်ဖြူ၊ ဆေးဂန္ဓမာ၊ သီးနှံ မျိုးစေ့နှင့် ပျိုးပင်များ အစားထိုး စိုက်ပျိုးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သုံးစွဲမှုပပျောက်ရေးအတွက် မူးယစ်ဗဟိုအဖွဲ့၏ လုပ်ငန်းအဖွဲ့အစည်းအသီးသီးမှ NGO, INGO များနှင့် ပူးပေါင်း၍ ပညာပေးကာကွယ်ခြင်း၊ ဆေးစွဲမှုကုသခြင်း၊ ဆေးစွဲသူများအား ပြုစုစောင့်ရှောက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် လူမှုရေးအထောက်အပံ့များပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီနေ့အခမ်းအနားမှာ ပညာပေးရေးလုပ်ငန်းများမှာ ထိရောက်တဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ ၂၀၂၄ ခုနှစ်၊ မေလ (၂၅) ရက်နေ့က မကွေးမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ အခြေခံပညာအဆင့်၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်ထားခဲ့တဲ့ လက်ရာ ကားချပ်များအနက် ဗဟိုအဆင့်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ (၆) ဦး၊ အလွတ်တန်းအဆင့် ကဗျာ ပထမဆု (၁)ဆု၊ ကွန်ပျူတာပိုစတာ တတိယဆု (၁) ဆု၊ ဗဟိုအဆင့် (၈) ဆု ရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီး အဆင့် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ (၆၆) ဦး တို့ကို ထိုက်ထိုက်တန်တန် ဆုများချီးမြှင့် ပေးသွားမှာဖြစ်ပါကြောင်း၊ ယနေ့ လူသားအားလုံးအတွက် ကြောက်မက်ဖွယ် အကောင်းဆုံး အန္တရာယ်ကတော့ မူးယစ်ဆေးဝါး အန္တရာယ်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်ကို ပပျောက်အောင် ဆောင်ရွက်ရာမှာ လူသားအားလုံးက လက်တွဲပူးပေါင်းဆောင်ရွက် ကြမှသာလျှင် ယင်းအန္တရာယ်ဆိုးကြီးမှ လွတ်ကင်းနိုင်မည်ဖြစ်သလို၊ မူးယစ်ဆေးဝါး အန္တရာယ်ဟာ ဆင်းရဲချမ်းသာမရွေး၊ နိုင်ငံကြီးငယ်မရွေး၊ အန္တရာယ်ပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးဟာ ပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေး၊ ပညာရေး၊ လူနေမှုဘဝ တိုးတက်ရေးနှင့် အသိဉာဏ်ဗဟုသုတတို့ကို ဖျက်ဆီးစေရုံသာမက ဆင်းရဲမှုအပေါင်းကို ဖြစ်စေတဲ့အတွက် မူးယစ်ဆေးဝါးတွေကို မသုံးစွဲမိအောင်ရှောင်ကြဉ်ကြပါရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် လူသားထုတစ်ရပ်လုံး၏ ပြဿနာဖြစ်သည့်အတွက် မူးယစ်ဆေးဝါး အမြစ်ပြတ် တိုက်ဖျက်ချေမှုန်းရေးကို ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန် အဖြစ်ခံယူပြီး ပူးပေါင်းဆောင်ရွက်သွားကြရန် အထူးလိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ထံမှ ပေးပို့သည့် သဝဏ်လွှာကို မကွေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းက ဖတ်ကြားသည်။

ထို့နောက် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဗဟိုအဆင့် ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင်  ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုအား ပြသကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အကြီးအကဲများ၊ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြို့တော်ခန်းမအတွင်း အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် နံရံကပ် စာစောင်များ၊ ပိုစတာများ၊ ဆုရ ကဗျာ၊ ကာတွန်း၊ ပိုစတာများကို လိုက်လံအားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ