စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မုံရွာ ဇွန် ၂၆

(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊
  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှ ပေးပို့သည့် သဝဏ်လွှာအား စစ်ကိုင်းတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဖတ်ကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လုံခြုံရေးနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုတ်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ‌မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆေးရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း (၄၀) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၃ခုနှစ်အတွင်း (Operation 39) အထူး စစ်ဆင်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာ ဓါတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို အောင်မြင်စွာ ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်တွင်လည်း (Operation 39/24) အထူးစစ်ဆင်ရေးကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရရှိနေသော်လည်း ဖမ်းဆီးရမိသည့် အဓိကတရားခံများကို ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရေးနှင့် အချို့တရားခံများမှာ ပြစ်ဒဏ်မှ လွတ်မြောက်ပြီးနောက် ပြစ်မှုများ ထပ်မံကျူးလွန်နေသည်ကို ဖမ်းဆီးရမိမှု ဖြစ်စဉ်များအရ တွေ့ရှိရသည့်အတွက် တရားခံများ၏ မူးယစ်ဆေးဝါးပြစ်မှု ကျူးလွန်ရာမှ ရရှိသည့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် ထိထိရောက်ရောက် သိမ်းဆည်းအရေးယူသွားမည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင် ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့ အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် UNODC ( United Nations Office on Drugs and Crime ) ၊ AFP ( Australian Federal Police) DEA (Drug Enforcement Administration ) NNCC (National Narcotics Control Commission)၊ONCB(Office of Narcotics Control Board)တို့နှင့်လည်း ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့အပြင် ၂၀၂၃ ခုနှစ်အတွင်း (၂၄)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးအားလည်းကောင်း၊ (၄၄) ကြိမ်မြောက် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအားလည်းကောင်း၊ ၂၀၂၄ ခုနှစ်အတွင်း (၇)ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးအားလည်းကောင်း၊ ASOD( The ASEAN Senior Officials Meeting on Drug Matters) တာဝန်ခံများ၏ အာဆီယံစီမံချက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအားလည်းကောင်း၊ (၁၆)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါး စောင့်ကြပ် ကြည့်ရှုမှု လုပ်ငန်းကွန်ရက်အစည်းအဝေးအားလည်းကောင်း၊ မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံ အဖြစ် ဦးဆောင်ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာနှင့် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ (UNODC)မှ ပေးပို့သည့် ဆောင်ပုဒ် The Evidence is clear : invest in Prevention မူးယစ်အန္တရာယ်ကင်းစင်ရေး၊ ဘက်စုံကြိုတင်ကာကွယ်ပေး ဆိုသည့်အတိုင်း နိုင်ငံတိုင်း အလေးထားဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ပြည်ထောင်စုတစ်ဝန်း တည်ငြိမ်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးတို့ကို အဟန့်အတားဖြစ်စေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို  နိုင်ငံတော်အစိုးရအနေဖြင့် နည်းလမ်းအသွယ်သွယ်ဖြင့် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်နေသလို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ကူညီပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး တရားလွှတ်‌တော် တရားသူကြီးချုပ် ဦးဇော်ထူး ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့်ဆုရရှိသူများနှင့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ဆုစိစစ်‌ရွေးချယ်ရေးပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ၊ ဂုဏ်ပြု ဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး
   လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗွီဒီယိုအား ကြည့်ရှုအားပေးကြပြီး ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ပြခန်းအတွင်းပြသထားသော မူးယစ်ဆေးဝါးသုံး ဆက်စပ်ပစ္စည်းများနှင့် မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုအားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ခရိုင်(ပြန်/ဆက်)