သရက် ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံများ သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် ဓာတုပိုးသတ်ဆေးသုံးစွဲမှုလျှော့ချရေး ဥကပ်ပါးနဂျီလွှတ်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပိဿလိမ်းအုပ်စု၊ သဲဖြူကျေးရွာတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာတောင်သူများနှင့် သရက်၊ မင်းတုန်း၊ ကံမမြို့နယ်တို့မှ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး သရက်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးမြင့်စိုးက ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံများ သီးထပ်စွမ်းအားတိုးတက်စေရေးနှင့် ဓာတုပိုးသတ်ဆေးသုံးစွဲမှုလျှော့ချရေး ဥကပ်ပါးနဂျီလွှတ်ခြင်း ကွင်းသရုပ်ပြပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဥကပ်ပါးနဂျီကောင်များလွှတ်ခြင်းသည် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်ပါဝင်မှုအနည်းဆုံးနှင့် ဆန်စပါးများ ရေရှည်ထုတ်လုပ်နိုင်ရန်၊ ဇီဝနည်းဖြင့် ဖျက်ပိုးကာကွယ်နှိမ်နှင်းခြင်း (ဥကပ်ပါးနဂျီအား အသုံးပြုခြင်း)ကို အခြေခံ၍ ဘက်စုံဖျက်ပိုးကာကွယ်နှိမ်နှင်းခြင်းစနစ် (IBM) ကို ရေရှည်ကျင့်သုံးရန်၊ စိုက်ပျိုးထုတ်လုပ်သူ၊ စားသုံးသူနှင့် ပတ်ဝန်းကျင် (ရေ၊ မြေ၊ လေ၊ လက်ရှိ)တို့ကို အဆိပ်သင့်ညစ်ညမ်းမှုလျော့ချ၍ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်လွှတ်ပေးခြင်းဖြစ်ကြောင်း၊ ဘက်စုံသီးနှံကာကွယ်ရေးစနစ်ကို လိုက်နာကျင့်သုံးသော စိုက်ခင်းများတွင် ဥကပ်ပါးနဂျီဖြင့် ဖျက်ပိုးနှိမ်နင်းခြင်းသည် ပိုမိုအကျိုးသက်ရောက်စေကြောင်းနှင့် တောင်သူတစ်ဦးတည်း၏ ကွင်းထဲတွင် လွှတ်ထားသော နဂျီအချို့သည် ဖျက်ပိုးဥမြုံများရှိရာ အခြားကွင်းသို့ သွားရောက်ရှာဖွေတတ်သောကြောင့် တကွင်းတဆက်တည်း စပါးကွင်းကျယ်ကျယ်တွင် လွှတ်ပေးနိုင်လျှင် ပိုမိုအကျိုးသက်ရောက်စေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တောင်သူများ၏ သိရှိလို၍ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများ စုပေါင်း၍ ဥကပ်ပါးနဂျီလွှတ်ခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)