နတ်မောက် ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က Book Club နှင့်ပူးပေါင်း၍ စာရေးဆရာစိုးသိန်း၏ “အနာဂတ် နိုင်ငံတော်အတွက် လူငယ်ပြုစုပျိုးထောင်ရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့်စကားအတိုင်း ယနေ့လူငယ်လေးများသည် နောင်အနာဂတ်၏ ခေါင်းဆောင်များဟုဆိုလျှင် မှန်မည်ဖြစ်ပါကြောင်း၊ အနာဂတ်ခေါင်းဆောင်များဖြစ်မည့် လူငယ်များအနေဖြင့် မမှားတန်သည်သည်ကိုမမှား၊ မယွင်းတန်သည်ကိုမယွင်း၊ နောင်တဆယ်တန် ပူပန်ကြောင့်ကြ မဖြစ်ကြရအောင် သိလွယ်၊ နားလည်လွယ်၊ သဘောပေါက်လွယ်သော ခေတ်စကားခေတ်အသုံးတို့ဖြင့် ဆုံးမစာများကိုလေ့လာစေချင်ပါကြောင်း၊ ငယ်စဉ်အခါက ပညာမရှာခဲ့၍ ကြီးလာသောအခါဒုက္ခရောက်လျှင် သေသောကာလ၌ လင်းတစားခံရသော “ဗာရဏသီပြည် သူဌေးသားပုံဝတ္တု”ထဲက သူဌေးသားကဲ့သို့မဖြစ်ရလေအောင် မိဘဆရာသမားများ၏ ဆိုဆုံးမမှုများကို လိုက်နာစေချင်ပါကြောင်း၊ လူမှန်သမျှတို့သည် "ပါပသ္မရမတေမနော” ဟူစကားအရ စိတ်သည်အစဉ်မကောင်းမှု၌သာ မွေ့လျော်တတ်သောကြောင့် စိတ်တည်းဟူသော ဆင်ရိုင်းကို ချွန်းတည်းဟူသောဆုံးမစာများ၊ ဆုံးမစကားများဖြင့်သာ အစဉ်ထိန်းချုပ်ပေးသင့်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ဒေါ်သင်းသင်းဝေ(ဒု-ဦးစီးမှူး)က“ လူငယ်နဲ့ကိုယ်ချင်းစာစိတ်” ခေါင်းစဉ်ထဲမှ လူတိုင်းကိုယ်ချင်းစာစိတ်တွေ ကိန်းအောင်နေမယ်ဆိုရင် ပျော်စရာကောင်းမှာဖြစ်သလို၊ ငြိမ်းချမ်းမှုဆီကိုလည်း ရောက်ရှိမှာဖြစ်ပါကြောင်း၊ လူသားအသိစိတ်ဓာတ်နဲ့ ရက်ဖောက်ထားတဲ့ အသိဉာဏ်တွေနဲ့ နေထိုင်နိုင်မှသာ တကယ့်လူသားတစ်ယောက် ပီပီသသဖြစ်နေမှာဖြစ်တာကြောင့် ကိုယ်ချင်းစာစိတ်နဲ့ ပရဟိတအကျိုးကိုလည်း စွမ်းစွမ်းတမံတည်ဆောင်နိုင်ဖို့လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းသို့ Book Club လူငယ်များ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၅၀)ဦး တက်ရောက်ခဲ့သည်။
မူမူစန်း