ကန့်ဘလူမြို့၌ ဖမ်းဆီးရမိမူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကျင်းပ

ကန့်ဘလူ ဇွန် ၂၆

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ဇွန် ၂၆ ရက်နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့မှူး ရုံးဝင်း၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဆန်းလင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြားဖိတ်ကြားထားသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသော တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးကြရာ ဒုတိယရဲမှူးကြီး သန်းကျော်က မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှ ပေးပို့သောသဝဏ်လွှာအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းကျော်က ဖတ်ကြားသည်။ ထို့နောက် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဆန်းလင်းက စက်ခလုတ်နှိပ်ကာ မီးရှို့၍ဖျက်ဆီးခဲ့ပြီး အဆိုပါအခမ်းအနားတွင် မီးရှို့ဖျက်ဆီးခဲ့သည့် ဘိန်းဖြူ၊ ဘိန်းမဲနှင့်ဆေးပြား စသည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာ ငွေကျပ် ၆၆၉၅၀၀ ခန့်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)