အောင်လံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

အောင်လံ ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက မူးယစ်ဆေးဝါးဆိုသည်မှာ ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ထုံထိုင်းစေခြင်း၊ မူးယစ်စေခြင်း၊ ကိုယ်ခန္ဓာကို တစ်နည်းနည်းဖြင့် ဘေးအန္တရာယ်ဖြစ်စေခြင်း၊ သုံးစွဲသူသည် ဆေးဝါးအပေါ် စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ်စေခြင်း၊ ဆက်လက်မသုံးစွဲဘဲ မနေနိုင်အောင်ဖန်တီးထားသည့် ဆေးဝါးများကို ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်တို့သည် စူးစမ်းလိုသောကြောင်းလည်းကောင်း၊ အပေါင်းအသင်းကြောင့်လည်းကောင်း၊ မူးယစ်ဆေးကို စမ်းသပ်သုံးစွဲရာမှ ဆေးစွဲသွားတက်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူ လူငယ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များ၊ နံရံကပ်ပိုစတာများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မျိုးသိန်း (ပြန်/ဆက်)