ဒီးမော့ဆို နိုဝင်ဘာ ၁၅
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရေးအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဒေါတမကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအား ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများက ဒေါတမကြီးကျေးရွာအုပ်စုရှိ ဒေါတမကြီး၊ ဒေါညေးခူ၊ ဒေါကော့၊ ဒေါဖာ၊ ဒေါဆိုဖျနှင့် ဒေါတချကျေးရွာ တို့မှ အိမ်ထောင်စု (၁၅၁)စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၀၂၀၀၀၀ ကို ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ရီရယ်(ဒီးမော့ဆို)