ဘုတ်ပြင်းမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဘုတ်ပြင်း ဇွန် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မီတာ (၁၀၀)ပြေးပြိုင်ပွဲ၊ မီတာ (၄၀၀)ပြေးပြိုင်ပွဲ၊ မီတာ (၈၀၀)ပြေးပြိုင်ပွဲ၊ မီတာ (၁၅၀၀)ပြေးပြိုင်ပွဲ၊ မီတာ(၁၁၀)တန်းကျော်ပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ သုံးဆင့်ခုန်ပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်  စသည့် အားကစားနည်းများကို အခြေခံပညာကျောင်း (၆)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲအသီးသီးတွင် အားကစားနည်းအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဆုများအသီးသီးပေးအပ်ကြပြီး အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် အ.လ.က(ခွဲ)စတိန်းချောင်းဖျားကျောင်း အသင်းအား မြို့နယ်ပညာရေးမှူး ဦးအောင်စိုးကလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် အ.ထ.က-ဘုတ်ပြင်းကျောင်းအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲလင်းဦးက ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)