စစ်ကိုင်း ဇွန် ၂၅
ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်နှင့် စာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ ပညာရှာမှီးသူများဖြစ်လာစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန်လ(၂၄)ရက်နှင့်(၂၅)ရက်များတွင် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင်ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။
ဒေါ်အေးအေးခိုင်(ကျောင်းအုပ်ဆရာမကြီး)
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း
စစ်ကိုင်းမြို့။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များဖံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျွန်မရဲ့ကျောင်းမှာ ကျင်းပခွင့်ရတဲ့အတွက် များစွာဝမ်းသာဂုဏ်ယူမိပါတယ် အခုလိုပွဲတော်ကျင်းပပေးခြင်းအားဖြင့် စစ်ကိုင်းမြို့မှာရှိတဲ့ ကျောင်းပေါင်းစုံမှ ကျောင်းသား/ ကျောင်းသူတွေ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်/ စာပေကောင်း များကိုဖတ်ရှုရမည်ဆိုတဲ့ အလေ့အထကောင်းတွေ ရရှိလာမှာဖြစ်တဲ့အတွက် အကျိုးရှိထိရောက်တဲ့ ပွဲတော်ကြီးဖြစ်ပါကြောင်း၊ တက်ရောက်ချီးမြှင့်ပေးတဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ နောင်တစ်ချိန်မှာ နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းယူကြမဲ့ ကျောင်းသားလူငယ်လေးများရဲ အနာဂတ်ကိုမျှော်တွေးပြီး တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်ပေးတဲ့အတွက် ဝမ်းသာပါကြောင်း၊ ကျွန်မရဲ့ ကျောင်းမှာ ယခုလိုပွဲတော်ကြီး အောင်အောင်မြင်မြင်နဲ့ ဖြစ်မြောက်အောင် အဖက်ဖက်မှကူညီဆောင်ရွက်ပေးကြတဲ့ ဌာနဆိုင်ရာအသီးသီးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် စာဖတ်ရှိမြှင့်တင်ရေးပွဲတော်များကို နိုင်ငံတစ်ဝန်းမှာ ကျင်းပပြုလုပ်ပေးသွားမယ်ဆိုရင် ဗလငါးတန်နဲ့ပြည့်စုံတဲ့ လူငယ်များစွာ ပေါ်ထွန်းလာမယ်လို့ ယုံကြည်ပါကြောင်း ပြောကြားသည်။
မောင်ဘုန်းခန့်နေ
Grade- 4 အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်း
စစ်ကိုင်းမြို့။
သားသားကတော့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးမှာ ကဗျာရွတ်ဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမဆုရရှိခဲ့တာပဲဖြစ်ပါတယ် ဒီပွဲတော်ကြီးကျင်းပပေးတဲ့အတွက် သားသားအနေနဲ့ ကိုယ့်ကျောင်းက သူငယ်ချင်းတွေအပြင် ကျောင်းပေါင်းစုံမှ သူငယ်ချင်းများစွာနဲ့လည်း ရင်းနှီးခင်မင်ခွင့်ရရှိခဲ့ပါတယ်၊ အခုပွဲတော်ကြီးမှာဆိုရင် ဂိမ်းပြိုင်ပွဲတွေလည်း ပါဝင်တဲ့အတွက် သားသားတို့သူငယ်ချင်းတွေစုပေါင်းပြီးတော့ ပျော်ပျော်ပါးပါး ဆော့ကစားခွင့်ရခဲ့ပြီး ဆုလက်ဆောင်များလည်းရရှိတဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ် ဌာနဆိုင်ရာပြခန်းများကိုလည်း လေ့လာကြည့်ရှုခွင့်ရရှိတဲ့အတွက် များစွာဗဟုသုတရရှိခဲ့ပါကြောင်း ပြောကြားလိုပါတယ်။
ဒေါ်ခင်စောလင်း(တိုင်းဒေသကြီးဦးစီးမှူး)
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
စစ်ကိုင်းတိုင်းဒေသကြီး။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို စစ်ကိုင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန်လ(၂၄)ရက်နဲ့ (၂၅)ရက်နေ့တွေမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ် ယခုပွဲတော်ကြီးမှာဆိုရင် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့ပါတယ် ကလေးများအတွက် ဂိမ်းပြိုင်ပွဲများအနေဖြင့်လည်း မြှားပစ်ပြိုင်ပွဲ၊ မြှားလှည့်ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ဆုလက်ဆောင်များလည်း ချီးမြှင့်ပေးခဲ့ပါတယ်၊ ထို့အပြင် စာအုပ်/ စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများနှင့် ဌာနဆိုင်ရာပြခန်းများလည်း ပြသပေးနိုင်ခဲ့ပါတယ် ပွဲတော်ကြီးမှာဆိုရင် စာဖတ်ဝိုင်းဆွေးနွေးပွဲတွေ၊ စာပေဟောပြောပွဲတွေကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် နိုင်ငံတော်မှ ယခုလိုပွဲတော်များ ကျင်းပပေးခြင်းဖြင့် ကျောင်းသားလူငယ်တွေအနေနဲ့ စာဖတ်သည့်အလေ့အကျင့်ကောင်းတွေ ရရှိလာပြီး အသိပညာဗဟုသုတများလည်း ပိုမိုပြီးကြွယ်ဝလာမယ်၊ အနာဂတ်မှာ နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်မဲ့ လူငယ်တွေပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဒီပွဲတော်ဟာပထမဦးဆုံအကြိမ်ဆောင်ရွက်တာဖြစ်ပြီး နောက်ထပ်လည်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ၅ ကြိမ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
မဂျူးဇာခြည်သင်း
Grade- 10 အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း
စစ်ကိုင်းမြို့။
သမီးကတော့ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမဆုရရှိခဲ့ပါတယ်ယခုလိုဆုရရှိခဲ့တာဟာလည်း စာအုပ်စာပေတွေလေ့လာဖတ်ရှုခြင်းရဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဟာ သမီးတို့ ကျောင်းသား/ ကျောင်းသူလူငယ်လေးများ အတွက်အထူသင့်လျော်တဲ့ပွဲ တစ်ပွဲလို့ထင်မြင်ယူဆမိပါတယ်၊ ယခုပွဲတွေများစွာလုပ်ပေးခြင်းအားဖြင့် သမီးတို့ ကျောင်းသား/ ကျောင်းသူလူငယ်လေးတွေဟာ စာအုပ်/စာပေလေ့လာဖတ်ရှုတဲ့ အကျင်းကောင်းတွေ ရရှိလာမှာဖြစ်ပါတယ် ယနေ့ခေတ်လူငယ်တွေဟာ စာအုပ်/စာပေဖတ်ရှုမှု အလွန်နည်းပါးပြီး မိုဘိုင်းဖုန်းတွေနဲ့ပဲ အချိန်ကုန်နေတာများပါတယ် သမီးတို့ကျောင်းတွေမှာ၊ ရပ်ကွက်ကျေးရွာတွေမှာ စာကြည့်တိုက်တွေရှိသော်လည်း သွားရောက်ဖတ်ရှုမှုအလွန်နည်းပါတယ် ယခုဆိုရင်တော့ သမီးတို့အနေနဲ့ ကျောင်းအားချိန်တွေ၊ ကျောင်းပိတ်ရက်တွေမှာ စာကြည့်တိုက်တွေကိုသွားပြီး စာပေဖတ်ရှုလေ့လာရမယ်ဆိုတဲ့ အတွေးအမြေင်ကောင်းတွေ ရရှိလာခဲ့ပြီဖြစ်ပါတယ်၊ စာအုပ်စာပေတွေထဲမှာ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲတိုးတက်စေနိုင်တဲ့ အသိဉာဏ်ဗဟုသုတတွေ ရှိတယ်ဆိုတာကို သိရှိလာခဲ့ပြီပဲဖြစ်ပါတယ် သမီးအနေနဲ့ သူငယ်ချင်းများကိုတိုက်တွန်းလိုတာကတော့ အားလပ်ချိန်တိုင်းမှာ စာဖတ်ကြပါလို့ ပြောကြားလိုပါတယ်။
နေလင်းအောင်