ချောက် ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းကို ကျောင်းအခြေပြုအခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သံချဆေးတိုက်ကျွေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများ အရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသက်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူတို့က အနီးကပ်ကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များ မှာကြားခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ချောက်မြို့နယ်တွင် အခြေခံပညာကျောင်းစုစုပေါင်း(၂၀၈)ကျောင်းရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌တွင် ကျောင်းသား/သူ(၃၄၉၆၅)ဦးအား သံချဆေးတိုက်ကျွေးသွားမည့်ဖြစ်ကာ သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ဇွန် ၂၂ ရက်မှ ဇွန် ၃၀ ရက်ထိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)