မုံရွာမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်တွင်းစားဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး၊ မြန်မာ့ဆန်စပါးအွန်လိုင်းတွင် သိုလှောင်ရုံမှတ်ပုံတင်ရေးဆွေးနွေးပွဲ ကျင်းပ

မုံရွာ ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်တွင်းစားဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး၊ မြန်မာ့ဆန်စပါးအွန်လိုင်းတွင် သိုလှောင်ရုံမှတ်ပုံတင်ရေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူလူထုအတွက် အဓိကအခြေခံစားကုန်ဖြစ်သော ဆန်ဈေးနှုန်းက သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး အရေးကြီးပါကြောင်း၊ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ပြီး သိုလှောင်မှုများမဖြစ်စေရန်အရေးကြီးပါကြောင်း၊ မုံရွာခရိုင်၊ မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်ဆိုင်များ၊ စားသုံးဆီဆိုင်များ၊ ဆေးဆိုင်များ၊ စက်သုံးဆီဆိုင်များ၊ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှု၏ အကျိုးသက်ရောက်မှုများရှိပါကြောင်း၊ အခြေခံလူတန်းစားများအတွက် နယ်မြေအတွင်း၊ ဈေးကွက်အတွင်း ဆန်ပိုမိုပြန့်နှံစွာရောက်ရှိနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်အသီးသီးတွင် သက်သာသောနှုန်းထားဖြင့် ဆန်များရောင်းချပေးလျက်ရှိမှုအား ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်များ ဆန်စပါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှုလုပ်ငန်းစဉ်တလျှောက် ညီညွတ်မျှတစွာ အကျိုးဖြစ်ထွန်းစေရေး ပူးပေါင်းဆောင်ရွက်ပေးရန်၊ ဈေးနှုန်းတည်ငြိမ်မှုကိုပျက်ပြားစေပြီး ဈေးနှုန်းမြှင်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုကြရန်၊ သင့်တင့်မျှတသော အမြတ်ဖြင့်သာ ရောင်းချပြီး ရည်ညွှန်းသတ်မှတ်ဈေး ထုတ်ပြန်ထားသည်ထက် ပိုမို ကြီးမြင့်ရောင်းချခြင်းမပြုရန်တို့ကို လိုက်နာခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များအနေဖြင့် ပြည်တွင်း၌ မီဒီယာဖြင့် ကောလဟာလ လွှင့်ထုတ်ခြင်းအပါအဝင် ဈေးနှုန်းကြီးမြင့်အောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေမှုများကို အရေးကြီးကိစ္စရပ်သဖွယ် မဖြစ်မနေဖော်ထုတ်ပြီး စားသုံးသူကာကွယ်ရေးဥပဒေဝန်ဆောင်မှုဥပဒေများနှင့် အရေးကြီးကုန်စည်နှင့် အရေးယူနိုင်ရေး အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး  စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က ပြည်တွင်းစားဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး၊ မြန်မာ့ဆန်စပါးအွန်လိုင်းတွင် သိုလှောင်ရုံမှတ်ပုံတင်ရေးနှင့်စပ်လျဥ်းပြီး လိုက်နာရမည့် လုပ်ငန်းစဥ်များအား အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မုံရွာမြို့ပေါ်မှ တက်ရောက်လာကြသော ‌ဆန်စက်ပိုင်နှင့် ကုန်သည်များက လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သိရှိလိုသည့် အထွေထွေဆွေးနွေးတင်ပြမေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)