ဟင်္သာတ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတရရှိဖွံ့ဖြိုးစေရန်၊ စာပေဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူအများရှေ့တွင် စကားပြောတတ်သောအလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်များကို အသုံးချတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်ရှိ “ဂုဏ်ထူးပန်းခင်း” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဂုဏ်ထူးပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက အဖွင့်မှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်/ဆက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်အေးအေးမာက စီစဉ်ညှိနှိုင်းရေးမှုးအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများက “လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်အင်တာနက်အသုံးပြုမှု၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူးများ” စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး စကားဝိုင်းကိုဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိသူများက မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက ဟင်္သာတခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက် (ဟင်္သာတ)