ဘားအံ ဇွန် ၂၄
ကရင်ပြည်နယ်အတွင်း နေရာအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်းသည့်အတွက် အဆိုပါဒေသများတွင် နေထိုင်သူများသည် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လက်ရှိကာလတွင် ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေပြန်လည်ငြိမ်းချမ်းမှုရှိလာသည်နှင့်အမျှ ယာယီပြောင်းရွှေ့နေထိုင်သူများသည် ကော့ကရိတ်မြို့နယ်နှင့် ကောဘိန်း၊ ကော့ပေါက်ကျေးရွာအုပ်စုများသို့ ပြန်လည်ထွက်ခွာလျက်ရှိပြီး တပ်မတော်အနေဖြင့် နယ်မြေလုံခြုံ၍ တည်ငြိမ်အေးချမ်းမှုရရှိအောင် အဖက်ဖက်မှဆောင်ရွက်နေသကဲ့သို့ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှလည်း ယာယီပြောင်းရွှေ့နေထိုင်သူများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို အားနည်းချက်မဖြစ်ရအောင် ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ ညှိနှိုင်းပေးမှုဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းပြီး အိမ်ထောင်စုတစ်စုလျှင် ဆန် (၅)ပြည်၊ ဆီ (၁)ပိဿာ၊ ကြက်ဥ (၂၀)လုံးနှုန်းဖြင့် ဘားအံမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၃၂၀၅)စုကို ဆန် ၆၆၇ အိတ် ၁၇ ပြည်၊ ဆီ ၃၂၀၅ ပိဿာ၊ ကြက်ဥ ၆၄၁၀၀ လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယာယီပြောင်းရွှေ့နေထိုင်သူများ စားဝတ်နေရေးကိစ္စရပ်များအဆင်ပြေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှစ၍ အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၁)လီတာ၊ ခေါက်ဆွဲခြောက် (၁၀)ထုပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထိ အိမ်ထောင်စုပေါင်း ၂၉၆၅ စု၊ လူဦးရေ (၁၅၆၃၈)ဦးတို့အား ဆန် (၁၃၂၁)အိတ် (၁၆)ပြည်၊ ဆီ (၃၉၆၅)လီတာ၊ ခေါက်ဆွဲခြောက် (၇၆၁)ဖာ (၂၀)ထုပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သော ဆန်ရိက္ခာများကို ဘားအံမြို့နယ်အတွင်း ယာယီပြောင်းရွှေ့နေထိုင်သူများအား ပထမအကြိမ် အိမ်ထောင်စု (၂၈၉၉)စု၊ လူဦးရေ (၁၁၅၀၈)ဦးနှင့် ထပ်မံရောက်ရှိလာသော အိမ်ထောင်စုများအား ဒုတိယအကြိမ် အိမ်ထောင်စု (၆၈၆)စု၊ လူဦးရေ (၂၆၈၅)ဦးတို့အား ဆန်(၃)လစာ ထောက်ပံ့ပေးခဲ့ကာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ ညှိနှိုင်းပေးမှုဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းပြီး ပြည်နယ်အတွင်း မြို့နယ် (၆)မြို့နယ်ရှိ အိမ်ထောင်စု (၈၄၆၂)စုကို ဆန်(၅)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်ဥ (၂၀)လုံးနှုန်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)