ကျွန်းလှ ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
“သွေးလွန်တုတ်ကွေးရောဂါဟာ မိုးရာသီမှာ အများဆုံးဖြစ်ပွားတတ်ပါတယ်။ ခြင်ကိုက်၍ဖြစ်ပွားတတ်တာကြောင့် နေအိမ်များအတွင်း ခြင်ပေါက်ပွားနိုင်မဲ့အိမ်သုံးပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ပေးရန်လိုပါတယ်။ ရေသိုလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနဲ့ ခြင်အောင်းနိုင်သောနေရာများကို ခြင်ဆေးမှုတ်ခြင်း ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာများရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ပြီး အမှိုက်များရှင်းလင်းရန်လည်း လိုအပ်ပါတယ်”ဟု ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
အဆိုပါ သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)