ပခုက္ကူ ဇွန် ၂၅
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်က ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး အောင်ကျော်စိုးက ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အထိမ်းအမှတ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများနှင့် ဥပဒေများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းတရားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားရရှိနိုင်သည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးပြဿနာများ၊ မူးယစ်ဆေးဝါးပြတ်တောက်စေနိုင်သည့် နည်းလမ်းများ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းတို့ကို ရှင်းလင်းဟောပြောသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)