အိမ်မဲမြို့နယ်တွင် အခြေခံလူတန်းစားများအား ဧည့်မထ ဆန် (၁)ပြည် (၂၇၀၀)ကျပ်ဖြင့် ရောင်းချပေးမည်

အိမ်မဲ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ရောင်းဝယ်သူများနှင့် မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများ အဆင်ပြေစေရေးအတွက် ဧည့်မထဆန်များအား (၁)ပြည်(၂၇၀၀)ကျပ်ဖြင့် ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်တွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ဆန်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အိမ်မဲမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်(၁၇)ဦးတို့က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ မြို့နယ်အတွင်းအခြေခံလူတန်းစားများ လာရောက်ဝယ်ယူရာ၌ အဆင်ပြေချောမွေ့စေရေးအတွက်ဇွန်လ (၂၅)ရက်နေ့ နံနက်(၈)နာရီမှ ညနေ (၃)နာရီထိ သာသနာ့ဗိမာန်တော်ကြီး၌ တစ်ရက်လျှင် ဧည့်မထဆန် (၂၅) အိတ်ရောင်းချပေးမည်ဖြစ်ကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် စလစ်တစ်ခုရရှိမည်ဖြစ်ပြီး အများဆုံး(၂)ပြည်အထိ ဝယ်ယူနိုင်ကြောင်း၊ (၁)ပြည်လျှင် (၂၇၀၀)ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်(၁၇)ဦးက ဧည့်မထဆန်များကို အလှည့်ကျ ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် ဧည့်မထဆန် (၂၂၅၀)အိတ်ကို (၃)လတိတိရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ၊ ပြန်/ဆက်)