ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်းနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်းနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဆင်ပေါင်ဝဲ ဇွန် ၂၄

ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဥ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လူမှုရေးဆိုင်ရာဆိုးကျိုးအန္တရာယ်များအကြောင်းအားလည်းကောင်း ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး သူရဇော်က မူးယစ်ဆေးဝါးပြဿနာများ၊ မူးယစ်ဆေးဝါးစတင်အသုံးစွဲသည့် အဓိကအကြောင်းအရင်း၊ အရွယ်အလိုက်တာဝန်ရှိမှု၊ တာဝန်သိမှု၊ မူးယစ်ဆေးဝါးဆိုင်ရာဆောင်ပုဒ်များ စသည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားရာ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား မြို့နယ်အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက "မူးယစ်ဆေးဝါးတို့ရှောင်ရှား’’ ခေါင်းစဉ်ဖြင့် ဝင်ရောက်ယဥ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုများရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများမှ အသီးသီးဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှဒုရဲမှူးသူရဇော်၊ မြို့နယ်အမျိုးသမီးရေးရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်တို့က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များ၊ နံရံကပ်ပိုစတာများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)