မြဝတီ ဇွန် ၂၄
ဇွန်(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုအဖြစ် အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စတင်ကာ အ.ထ.ကခွဲ(၁)၊ အ.လ.က(၂)နှင့် မူလွန်(မြဝတီ)တို့တွင် ဆောင်ရွက်ပေးသည်။
ဟောပြောတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ပတ်ဝန်းကျင်ရှိ လေထု၊ မြေထု၊ ရေထုသယံဇာတ ပျက်စီးဆုံးရှုံးမဖြစ်ပေါ်စေရန် ထိန်းသိမ်းကာကွယ်ရမည့်အချက်များ၊ ပလတ်စတစ်အိတ်သုံးစွဲခြင်း၏ ဆိုးကျိုးများအန္တရာယ်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက မူးယစ်ဆေးအစ ဆေးလိပ်ကဆိုသည့်အတိုင်း လူငယ်များအနေဖြင့် စမ်းသပ်သုံးစွဲမှုမပြုကြရေး၊ ပညာသင်ယူစဉ် မူးယစ်ဆေးဝါးကြောင့် လမ်းမှားမရောက်စေလိုကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမိပါက ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ အန္တရာယ်တို့ကို ရှင်းလင်းဟောပြောပေးပြီး မေးခွန်းများပြန်လည်မေးမြန်းခဲ့ရာ အဖြေမှန်သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ အခြားအသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်/စာစောင်များ ခင်းကျင်းပြသပေးခြင်းနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)