ရွှေဘိုမြို့တွင် ခရိုင်အဆင့်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

​ရွှေဘို ဇွန် ၂၄

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ​နေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်အဆင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် ကော်မတီဝင် (၂၄) ဦး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦးမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရွှေဘိုမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ပွဲရုံလုပ်ငန်းရှင်များ၊ဆန်ဆိုင်ပိုင်ရှင်များ၊ စုစုပေါင်း (၁၀၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးကအဖွင့်အမှာစကား​ပြောကြားရာ ရွှေဘိုပေါ်ဆန်း (ဘေးကြား) ဆန် လက်ရှိမြေပြင်ဈေးနှုန်း အခြေအနေအရ အဆမတန်မြင့်မားလျက်ရှိမှု အခြေအနေများ၊ ရွှေဘိုပေါ်ဆန်း (ဘေးကြား) ဆန်ဈေးနှုန်း မြင့်မားလာမှုကြောင့် အခြားဆန်များလည်း ဈေးနှုန်းမြင့်မားလာမှုအခြေအနေများ၊ ဆန်ဈေး ကွက်အခြေအနေများ၊ စိုက်ပျိုးထုတ်လုပ် ဝယ်ယူကြိတ်ခွဲ သိုလှောင်တင်ပို့ ရောင်းချနေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းဝယ်ကြရန် လိုအပ်ကြောင်းနှင့် မိမိအတွက် အကျိုးအမြတ်ပိုမိုရရှိအောင် ရည်ရွယ်ချက်ဖြင့် ဈေးနှုန်းမြှင့်တင်၍ ပိုမိုရောင်းချသည်ကို ကော်မတီမှစစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်အဆင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအတွင်းရေးမှူး ခရိုင်စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းမှ ပြည်တွင်းစားဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးနှင့် သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ သင့်တင့်မျှတသော ဆန်ဈေးနှုန်းဖြင့်သာ ရောင်းဝယ်ကြရန်နှင့် ဈေးနှုန်းမြှင့်တင်၍ပိုမိုရောင်းချသည်ကို ကော်မတီမှစစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့​နောက် တက်ရောက်လာသည့် ဆန်စပါးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးလှသိန်းနှင့် ရွှေဘိုစက်မှုဇုန်အသင်းဥက္ကဋ္ဌ ဦးစိုးဝင်းတို့မှ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လျှပ်စစ်မီးကိစ္စရပ်များအား တင်ပြဆွေးနွေးခြင်း၊ ​ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်မှရယူထားသော ချေးငွေများအား ဇွန်လကုန်နောက်ဆုံးထား ပြန်လည်ပေးဆပ်ရန်နှင့် ပြန်လည်ပေးဆပ်ခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး​နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးမှ လုပ်ငန်းရှင်များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းဆောင်ရွက်ကြရန်နှင့် အခက်အခဲရှိပါက ကော်မတီသို့တင်ပြအကူအညီတောင်းကြရန် ​​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း​ ​ပြောကြားခဲ့သည်။

ခရိုင် (ပြန်/ဆက်)