ကန့်ဘလူ ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ချောင်းပိတ်၊ မြောင်းပိတ်၊ လျှပ်စစ်ရေတင်၊ မိုးကောင်းသောက်ရေနှင့် မြေအောက်ရေတင်စနစ်များဖြင့် ခရိုင်အတွင်းရှိ မြို့နယ်များ၌ မိုးရာသီ သီးနှံစုံ ၆၄၅၇၉၃ ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တို့တွင် မိုးရာသီသီးနှံစုံ အမျိုးအစားအလိုက် လျာထားဧကများမှာ မိုးစပါး ၁၇၆၆၅၅ ဧက၊ ပဲမျိုးစုံ(ပဲတီစိမ်း၊ ပဲစင်းငုံ၊ စွန်တာပြာ၊ ထောပတ်ပဲစသည်) ၂၄၆၇၇၄ ဧက၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) ၅၉၅၀၂ ဧက၊ ကြံသီးနှံ ၁၁၀၆ ဧက၊ ဝါသီးနှံ ၈၀ ဧက၊ စားဖိုဆောင်သီးနှံ ၁၅ ဧက၊ အခြားသီးနှံ ၁၂၃၄၄၃ ဧက၊ နှစ်ရှည်ပင် ၃၇၀၁၃ ဧက၊ ပရဆေးပင် ၁၂၀၅ ဧကဖြစ်ကြောင်း သိရသည်။
ကန့်ဘလူခရိုင်၌ ယခုနှစ် မိုးရာသီ သီးနှံစုံစိုက်ပျိုးရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စက်မှုလယ်ယာဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက တာဝန်ခွဲဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဥ်း၍ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ယခုနှစ် မိုးရာသီသီးနှံများစိုက်ပျိုးရာတွင် မိုးစပါးသီးနှံများကို ဇူလိုင်လဆန်းပိုင်းတွင် လယ်ထွန်ခြင်း၊ ပျိုးထောင်ခြင်းများဆောင်ရွက်၍ ဇူလိုင်လလယ်၌ စတင်စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံများနှင့် အခြားသီးနှံများကို မေလကစတင်စိုက်ပျိုးခဲ့ရာ ပဲမျိုးစုံ ၁၄၃၈၈ ဧက၊ ဆီထွက်သီးနှံစုံ ၁၂၆၇၈ ဧက၊ ကြံသီးနှံ ၈၈၀ ဧကနှင့် အခြားသီးနှံစုံ ၇၄၀၉ ဧကစိုက်ပျိုးပြီးစီးပြီး ယမန်နှစ်က မိုးရာသီသီးနှံစုံ ၆၃၇၉၆၈ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)