ပေါင်းတည် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးစီးဌာနက အခြေခံပညာကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးဦးကျကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါများ မဖြစ်ပွားစေရေး အရှိန်အဟုန်မြှင့်ကျယ်ပြန့်စွာ လွှမ်းခြုံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကျောင်းကျန်းမာရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် ကျန်းမာစွာဖြင့်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းနှင့်ကျောင်းဝန်းကျင်တွင် သွေးလွန်တုပ်ကွေးရောဂါကိုဖြစ်ပွားစေသော ခြင်များ ပေါက်ပွားရှင်သန်ခိုလုံနေမှု မရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ပေးခြင်း၊ ရေစည်၊ ရေကန်၊ ရေတွင်းများတွင် အဘိတ်ဆေးခတ်ပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်အား ဆေးဖြန်းပေးခြင်းများကို ကျန်းမာရေးမှူးများဦးဆောင်၍ ရပ်ကွက်၊ ကျေးရွာတာဝန်ခံ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ကျေးရွာအုပ်စု ၅ အုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများနှင့်မြို့ပေါ် အခြေခံပညာကျောင်း ၄ ကျောင်းများသို့ အဖွဲ့အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရွှေသား(ပြန်/ဆက်)