စေတုတ္တရာ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေး ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးနှင့် ပိုးမွှားများအန္တရာယ်မှ ကာကွယ်ရန် အဘိတ်(Abate) ဆေးများခတ်ခြင်း၊ ခြင်နိုင်ဆေးများ ပက်ဖျန်းခြင်းကို မြို့နယ်မူလတန်းကြိုကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ရှိရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေး ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့မှ ဆေးဝါးကျွမ်းကျင်(၃)ဦး ဥာဏ်ထွန်းဦးနှင့် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးနိုင်ရေးအတွက် မူလတန်းကြိုကျောင်းရှိ ရေကန်တွင်း အဘိတ်ဆေးများခတ်ပေးခြင်း ၊ကျောင်းခန်းအတွင်း ခြင်နိုင်ဆေးများဖျန်းခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပေးသည်။
အဆိုပါ အဘိတ်(Abate)ဆေးခတ်ခြင်း ခြင်နိုင်ဆေးများဖျန်းရာ၌ မြို့နယ်မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမများ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီးနောက် စတုတ္တရာမြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်း ရေထည့်သုံးရာရေပုံးများ၊ စည်ပိုင်းများ၊ ရေကန်များ၊ ရေစည်ပိုင်းများတွင် ပိုးလောက်လန်းများမှ တဆင့်ရောဂါပိုးမွှားများအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်၊ ခြင်များ ပေါက်ပွားနိုင်ပြီး၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးများဖြန့်ဝေခြင်း၊ အဘိတ်ဆေးများခတ်ခြင်း၊ ခြင်နိုင်ဆေးများ ပက်ဖျန်းခြင်းတို့ကို ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံကသိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)