ရှမ်းရွာသစ် ဇွန် ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ မေမြတ်ဇင်ဘာသာပြန်ထားသော" အမျိုးသမီးများအတွက် မိမိကိုယ်ကို ခုခံကာကွယ်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့မှ အဖွဲ့ဝင်ဦးမြင့်မောင်က ယခုဆွေးနွေးသည့် စာအုပ်သည် အမျိုးသမီးထုကြီးအား ညှင်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခံရခြင်းများ၊ လုယက်မှုများအစရှိသည်ကို လက်တွေ့ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်များနှင့် မည်သို့မဖြစ်အောင် ကြိုတင်လုပ်ဆောင်ရမည်၊ မည်သို့ရင်ဆိုင်ဖြေရှင်းမည် အစရှိသည်ကိုရေးထားသည့်အကြောင်းအရာများ ပါဝင်ကြောင်း၊ အဖွဲ့ဝင်ဦးရီဝင်းက အမျိုးသမီးများ မိမိကိုယ်မိမိ စိတ်ဓာတ်ခွန်အားရအောင် လုပ်ဆောင်သင့်ပုံ၊ အရာရာကိုကြောက်ရွံ့မနေဘဲ ခုခံကာကွယ်ခြင်းနည်းပညာရပ်များကို တတ်မြောက်ထားသင့်ကြောင်း၊ အဖွဲ့ဝင် ဒေါ်ဇင်မိုးအေးက အန္တရာယ်များကို လက်ယက်မခေါ်ဘဲ မည်သို့နေထိုင်သွားလာသင့်ကြောင်းနှင့် အမျိုးသမီးများ မိမိကိုယ်ကိုခုခံကာကွယ်ဖို့ အခြေခံကျသင့်လုပ်ဆောင်သင့်သည့် အချက်များကို အကျဉ်းချုပ် ဆွေးနွေးခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ Youth Club အသင်းနှင့် Book Club အသင်းများနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)