အုတ်ဖိုမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

အုတ်ဖို ဇွန် ၂၄

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများ ဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က အုတ်ဖိုဧရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်တရားသူကြီး ဒေါ်ဟေမာန်နှင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများကို ဆွေးနွေးဟောပြောကာ မြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုကြီးနှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်စုဟန်တို့က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ်ကိုင်ဆောင်မှုအတွက် ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များအား အသိပညာပေးဟောပြောခဲ့သည်။

အလားတူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်သူ (အုတ်ဖို)