ကန့်ဘလူ ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ ကျောင်းအတွင်းရှိ ရေကန်၊ ရေစည်များတွင် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာ ဆရာမ များက KG တန်းမှ KG- 5 ထိ ကျောင်းသားကျောင်းသူများအား အရပ်တိုင်းခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ သွား၊ခံတွင်းနှင့်တစ်ကိုယ်ရေ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်မင်းမင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့်ငှက် ဖျားတိုက်ဖျက်ရေးဌာနတို့မှ ဆရာဆရာမတို့က ကျောင်းသားကျောင်းသူများကို ကျန်းမာရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများဖြစ်သည့် သန့်လေးသန့်လုပ်ငန်းများ၊ သွားနှင့်ခံတွင်းရောဂါဆိုင်ရာများ၊ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်ပွားတတ်သည့် ရောဂါဆိုးကျိုးများ၊ ခြင်နှင့်ပတ်သက်သည့် ကူးစက်တတ်သောရောဂါ လက္ခဏာများအကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်း စရာတို့ကို အပြန်အလှန်မေးမြန်းဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့်ကျောင်းဝင်းအတွင်းရှိ ရေတွင်း၊ ရေကန်များ၊ ရေစည်ပိုင်းများတွင် ပိုလောက်လန်းပေါက်ပွားမှုမရှိစေရန်အတွက် အဘိတ်ဆေးများလိုက်လံခတ် ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)