ဓနုဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဓနုဖြူ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၊ မင်းပိုင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ဓနုဖြူမြို့နယ် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား ဦးရေ (၂၁၅)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးရာတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်းများစစ်ဆေးပေးခဲ့ပြီး အထွေထွရောဂါလူနာများအား လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ဆေးကုသမှုခံယူသော နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အာဟာရစောင့်ရှောက်မှုအဖြစ် ကွေကာအုပ်များတိုက်ကျွေးခဲ့ကြပြီး အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်ဆီတို့အား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်များမှ လိုအပ်သည်များအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)