ဧရာဝတီတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုသိမ် ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ  တက်ရောက်ခဲ့ကြသည်။

ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဆန်၊ စပါးလက်ကျန်၊ တိုင်းဒေသကြီးအတွင်းမှ တိုင်းပြင်ပသို့ နေ့စဉ်စီးထွက်သွားသည့် အရေအတွက်၊ အခြေခံလူတန်းစားများ စားသုံးနိုင်သည့် ဆန်ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေးဆောင်ရွက်မှုများ၊  တိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးကိုပါ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးကို တွန်းအားပေးဆောင်ရွက်နေပြီး ဆန်၊ စပါးဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် အရန်ဆန်များ စုဆောင်းထားရှိရန်၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော စပါး၊ ဆန်ဈေးနှုန်းဖြစ်စေရေးကို စဉ်းစားဆောင်ရွက်ရန်၊ MyRo System ဖြင့် စာရင်းသွင်းခြင်းအား တွန်းအားပေးဆောင်ရွက်သွားရန်" အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများက ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)