ပွင့်ဖြူမြို့နယ် ကူကြီး - ကြီကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေး

ပွင့်ဖြူ ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန် (၂)ရွာ တစ်ယူနစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ကူကြီး - ကြီကုန်းကျေးရွာ၌ သတ္တမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ဌေးမြနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ရပ်မိရပ်ဖများ၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်း၏ အကျိုးကျေးဇူးများနှင့် လိုက်နာရမည့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းစက်ဝန်းကာလသတ်မှတ်ချက်များ၊ အတိုးနှုန်း သတ်မှတ်ချက်များ၊ ငွေစာရင်းဇယား ပြုစုထိန်းသိမ်းရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၅၁ ဒသမ ၅ သန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကူကြီး - ကြီကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၇၂ ဦးကို ငွေကျပ် ၃၈ ဒသမ ၈၅ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၃၀ ဦးကို ငွေကျပ် ၁၁ ဒသမ ၇၅ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂ ဦးကို ငွေကျပ်  သုည ဒသမ ၉ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၀၄ ဦးကို ငွေကျပ် ၅၁ ဒသမ ၅ သန်းအား စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)