ဘားအံ ဇွန် ၂၃
ကရင်ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ အထိ ပညာသင်ကြားပြီးမြောက်အောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်များကို အပ်နှင်းပေးအပ်သည်။
ဦးစွာ စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်) ကျောင်းအုပ်ကြီးအမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့များနှင့် ပညာရေးအဖွဲ့ဝင်များသည် သတ်မှတ်ဝတ်ရုံများဝတ်ဆင်လျက် ဒီပလိုမာအပ်နှင်းမည့်စင်မြင့် ထက်တွင်နေရာယူကြပြီး တက်ရောက်လာသူများနှင့်အတူ နိုင်ငံတော်အလံကိုအလေးပြုကြကာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ) ကို ၂၀၁၄ ခုနှစ် မှစတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဒီပလိုမာလက်မှတ်ရကျောင်းသား၊ကျောင်းသူ ၃၂၅ ဦးကို စိုက်ပျိုးရေးနယ်ပယ်အတွက် အင်အားသစ်များအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့်လည်း ဒီပလိုမာနှင့် ရောင့်ရဲမနေဘဲ B.Ag , Post Graduate , M.Ag နှင့် Ph.D ဘွဲ့များထိဖြစ်အောင် ကြိုးစားကြစေလိုပြီး စိုက်ပျိုးရေးပညာဖြင့် နိုင်ငံတွင်လိုအပ်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ဘဝကို မြှင့်တင်ပေးနိုင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ကျောင်းအုပ်ကြီးဒေါ်ခင်သီတာကျော်က လိုအပ်သည့်ကတိခံဝန်ချက်များရယူကာ အလယ်အလတ် အဆင့် စိုက်ပျိုးရေးပညာရှင်လက်မှတ် စိုက်ပျိုးရေးဒီပလိုမာ ပွဲတက်ရယူသူ ၂၁ ဦးနှင့် အဝေးရောက် ဒီပလိုမာရယူသူ ၉ ဦး စုစုပေါင်း ၃၀ ဦးကို စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပြီး အပ်နှင်းပြီးသော ဒီပလိုမာစာရင်းကို လက်မှတ်ရေးထိုးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမနှစ်မှနောက်ဆုံးနှစ်ထိ(၃)နှစ်ဆက်တိုက်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ကြီးက ဒီပလိုမာအပ်နှင်းသဘင်မိန့်ခွန်းမြွတ်ကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဆဌမအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင်ရုပ်သိမ်းကြောင်း ကြေညာသည်။
စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင်အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီပလိုမာယူသူများနှင့် ၎င်းတို့၏ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားခြင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ၂၀၂၄ ခုနှစ် မိုးရာသီမုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲအား ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးသည်။
အဆိုပါပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက်အားကစားသမား ၁၀၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး Handicap 19 to 24 အငယ်တန်းနှင့် Handicap 0 to 18 အကြီးတန်းဟူ၍ အတန်းနှစ်တန်းခွဲ၍ ကျင်းပခဲ့ကာ ပြိုင်ပွဲများအပြီး ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြိုင်ပွဲကျင်းပရခြင်းနှင့် မိုးရာသီတွင် ဒေသအကျိုးပြုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မိုးရာသီမုတ်သုန်ဖလားဂါရဝလက်ဆောင်များကို နေရာအရောက်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဖြစ်မြောက်ရေးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဆုများကိုပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဝေးဆုံးရိုက်ချက်ဆု၊ ကျင်းနှင့်အနီးဆုံးဆု၊ လိုင်းနှင့်အနီးဆုံးဆု၊ ပါအများဆုံးဆု၊ ဘာဒီအများဆုံးဆု၊ အကြိုးစားဆုံးဆု၊ တစ်ချက်တည်း ကျင်းဝင်ဆု(Hole in one)၊ Handicap 19 to 24 ပထမ၊ ဒုတိယ၊ တတိယဆု၊ Handicap 0 to 18 ပထမ၊ ဒုတိယ၊ တတိယဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ခရိုင်ပြန်/ဆက်)