ကယားပြည်နယ် လွိုင်ကော်မြို့ကျက်သရေဆောင် ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပရိတ်တော်ရွတ်ပွားပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ

လွိုင်ကော် ဇွန် ၂၃

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးစီး၍ လွိုင်ကော်မြို့ ကျက်သရေဆောင် ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ်ကြီးအား  ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပူဇော်ခြင်း၊ ဥပ္ပါတသန္တိ ပရိတ်တော်ရွတ်ပွားပူဇော်ခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက  မြို့နာမ်စေတီတော် ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော်အရှင်သူမြတ်များ ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းနှင့် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ပွားပူဇော်နေမှုများအား နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး လွိုင်ကော်မြို့ မင်းကျောင်းပရိယတ္တိစာသင်တိုက်၊ ပဓာန နာယကဆရာတော် ဆရာတော်ဘဒ္ဒန္တပညောဘာသ (သဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ယင်းနောက် မဟာမဂ္ဂင်ကျောင်းဆရာတော် ဘဒ္ဒန္တပညာဝံသက နတ်ဗြဟ္မာများ ပြန်လည်ပို့ဆောင်ခြင်းအား ရွတ်ဖတ်ပူဇော်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် လွိုင်ကော်မြို့ မင်းကျောင်းပရိယတ္တိစာသင်တိုက်၊ ပဓာန နာယကဆရာတော် ဆရာတော်ဘဒ္ဒန္တ ပညောဘာသ (သဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ  လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောတနာတရား နာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)