ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ရှမ်းရွာသစ်  နိုဝင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး  နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ပိုင်းအချိန်က ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများထံသို့  လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိ ရသည်။

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့က ကိုဗစ်-၁၉ ကာလတွင် ဒေသနေပြည်သူများ၏ အလုပ်အကိုင် အခက်အခဲ ဖြစ်ခဲ့မှုအပေါ် နိုင်ငံတော်အစိုးရမှ ယခုလို ထောက်ပံ့ငွေများပေးအပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ထောက်ပံ့ ငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် မဲသမူးကျေးရွာအုပ်စုရှိ  ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၈၂)စုတို့အတွက် တစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၅၆၄၀၀၀၀/-) ကို လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)