လွိုင်ကော် ဇွန် ၂၃
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ရာနှုန်းပြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဝန်ထမ်းအိမ်ရာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖွင့်လှစ်လျက်ရှိသော လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)ဆံ့သို့ သွားရောက်၍ ပုံမှန်အထွေထွေရောဂါကုပြင်ပလူနာဌာန ဖွင့်လှစ်ခြင်းအတွက် ပြင်ပလူနာဆောင်အား ပြင်ဆင်နေမှုများ၊ ဆေးရုံသုံးစက်ပစ္စည်းကိရိယာများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဆေးရုံလုံခြုံရေးအုတ်တံတိုင်းကာရံထားရှိမှုများနှင့် ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံကြီးဥပဓိရုပ်ကောင်းမွန်စေရေး၊ ဆေးပစ္စည်းကိရိယာများစုံလင်မှုရှိစေရေး၊ ပြည်သူလူထုအားထားရသော ဆေးရုံကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ ရုံးခန်းများပြင်ဆင်ထားရှိမှု၊ ဝန်ထမ်းအိမ်ရာလုံခြုံရေးအတွက် အုတ်တံတိုင်းကာရံပြီးစီးမှုအခြေအနေများ၊ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ထမ်းများမှ ရုံးပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ပင်မလုပ်ငန်းတာဝန်များ၊ ပြည်သူဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများအား စေတနာအရင်းခံ၍ အောင်မြင်စွာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)