ဒေးဒရဲ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ နဝမအကြိမ်မြောက် မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက ကျုံကနန်ကျေးရွာအုပ်စု၊ ကျုံကနန်ချောင်းဝကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျုံကနန်ချောင်းဝကျေးရွာရှိ ပြည်သူများ မိသားစုဝင်ငွေ တိုးတက်ရရှိရေးအတွက် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ စီမံကိန်း ရန်ပုံငွေ ကျပ် (၄၅၈.၀၀) သိန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ နဝမအကြိမ်မြောက်အဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်စွာမြင့်နှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များက ကျုံကနန်ချောင်းဝကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၃၉)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၅၇)ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၂၃)ဦး၊ စုစုပေါင်း(၁၁၉)ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ် ရန်ပုံငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်လမ်း၊ တံတားများ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေးနှင့် မီးလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း